တိုက်ပွဲခေါ်သံကြယ်ဖြူတစ်ပွင့်
@အကြမ်းမဖက် ပြည်သူ.လက်နက်
ကိုင်စွဲထွက်ပြီး လမ်းပေါ်စစ်ချီ
ဆန္ဒညီစွာ ဒီမီုကရေစီအရေး
ညာသံပေးလို. တိုက်ပွဲဝင်ခဲ့.........
@ရဟန်းရှင်လူ ပြည်သူကျောင်းသား
ခံစားချက်ညီ ဆန္ဒတူစွာ
ဖော်ထုတ်တိုက်ပွဲ စွယ်စုံနွဲလို.
ငြိမ်းချမ်စွာဖြင့် တို.ပြည်အရေး
တောင်းဆိုသံအပြီး ရလာဒ်သည်ကာ........
@စေခိုင်းသူက အာဏာရူးတဲ့စစ်ဘီလူး
အပြစ်ကျူးသူက ငမိုက်သားကျွန်စစ်သား
ပြည်သူကမွေး ပြည်သူ.သွေး
ပြည်သူကကျွေး ပြည်သူ.ကလေး
တစ်ချိန်ကကျောင်းသား ယ္ခုပြည်စစ်သား
သာသနာ့အသက် တပည့်သားတို.
ထိုကျေးဇူးကို တဖန်ပြန်ဆပ်သည်က
ယမ်းငွေ.မွှေးလျှံ သေနတ်သံတည်း.........
@သွေးဆာနေတဲ့ စစ်အစီုးရ
လက်ကိုင်တုတ်ဖြစ် စွမ်းအားရှင်
မိုက်တွင်းနက်လို့ အယူအမှား
သင်္ကန်းကိုလည်း သွေးစွန်းပြီ
ဝတ္တက္ကမြေက စစ်တလင်းဖြစ်
စာသင်ဆောင်က အကျဉ်းထောင်..........
@ဒို့တိုင်းဒို့ပြည် ဒို့လူအစိုးရ
ဖက်စစ်ထက်ဆိုး မိစ္ဆာသိုးများ
ဗိုလ်ချုပ်နည်းအတိုင်း တွန်းလှန်ကြမည်
ဇာနည်ဘွားတို့ ညီစေသော်............
(ကြယ်ဇြူတစ်ပွင့်)
ကမ္ဘာကျော်တဲ့အမေ
#လင်းလွန်းတဲ့ကောင်းကင် မှောင်လွန်းတဲ့ညများ
အနှစ်မရှိတဲ့ဒဿနတွေ မွန်းကြပ်လွန်းတဲ့မြို.ပြမှာ
အမေ့ကိုအတိုင်းမဲ့နှိပ်စက်နေကြ.
.......
#ရှုပ်ထွေးလွန်းတဲ့လမ်းကြောင်းတွေ ခက်ခဲနက်နဲတဲ့ဖလော်တွေကြားမှာ
မြို.ပြကြီးကအမှောင်အတိနဲ. လေလိုင်းတွေကိုပိတ်ဆို.
ကာရံထားတဲ့တတိုင်းတွေကြား အဖေခေါ်စရာမရှိလို.
တကြော်ကြာ်ငိုကြွေးနေတဲ့ကလေး ချုပ်ချယ်လွန်းတဲ့ပထွေးဆိုးကြောင့်
ထွက်ပေါက်ရှာနေတဲ့အလင်းများ..........
#သစ္စာကိုလက်ကိုင်ထား သိက္ခာကိုလက်ကိုင်ထားလို.
အမှန်တရားကိုမြတ်နိုတဲ့အမေ အဖေ.သွေးလိုဘဲ
ရဲတောက်နေတဲ့သားတို.ရဲ.သွေးတွေ ဆံခြည်မျှင်အလင်းပေါက်က
ထိုးထွက်မဲ့အာရုဏ်နဲ.အတူ နေ့သစ်များစွာပိုင်ဆိုင်ကြမှာပါ.........
#လမ်းပျောက်နေတဲ့ည စမ်းတ၀ါးဝါးနဲ့နေ့
အတ္တများဖုံးတဲ့ကမ္ဘာမြေပေါ် ထွန်းတောက်လာမဲ့
ကြယ်တပွင့်ဟာအမေပါဘဲ..........
#ရောင်ခြည်ဦးမှာ ထိုးထွက်တဲ့အလင်းနဲ.
ဦးဆောင်ဦးရွက်ပြုခဲ့တဲ့အဖေ အဖေမွေးတဲ့ပထွေးဆိုးကြောင့်
အမေလည်းပျောက် သားတို.လည်းမှောက်
ကမ္ဘာကြီးတောင်အရှုံးပေးနေကြပြီ.........
#ဘာပဲပြောပြော ဘယ်လိုတွေပဲဖြစ်ဖြစ်
သားတို.ချစ်တဲ့အမေ ကျော်ဇောခြင်းတွေ
နောက်တွန်.မသွားဘဲ ကမ္ဘာမှာတောင်ကျော်သွားတယ်........
ကြယ်ဖြူတစ်ပွင့်
စိန်ခြယ်ပန်းများဖြင့်
၁၉၄၇
အတွင်းဝန်ရုံးထဲက
သူရဲဘောကြောင်လှတဲ့
တော်မီဂန်းစက်သေနတ်သံတွေအောက်မှာ
သူအသက်ပျောက်ခဲ့ရပြီ။
ရန်သူရဲ့အဖမ်းကိုဘယ်တော့မှ မခံဘူးဆိုတဲ့
သူ့ရဲ့ နည်းဗျူဟာ
အနုနည်းနဲ့ မရရင်
အကြမ်းနည်းနဲ့ ချမယ်ဆိုတဲ့
သူရဲ့ မဟာဗျူဟာ
နယ်ချဲ့တိုက်ပွဲ
ဖက်ဆစ်တိုက်ပွဲ
အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ
တိုက်ပွဲစဉ်တလျှောက်
ရဲဝံပြောင်မြောက်စွာ ဖြတ်သန်းလာခဲ့သူဟာ
ပန်းတိုင်ရောက်ခါနီးမှ
ခွေးထက်မိုက်တဲ့ တိရိစ္ဆာန်တွေလက်ချက်နဲ့
အသက်စွန့်ခဲ့ရပေပြီ။
အသက်ငယ်ငယ်နဲ့
သူကျဆုံးခဲ့ရတာ
တိုင်းပြည်အတွက်
ကံမကောင်းအကြောင်းမလှမှုတစ်ခုပေလား။
မြင့်မြတ်တဲ့ “ ဗိုလ်အောင်ဆန်း ” ရယ်
ဟောသည် မိုးကောင်းကင်အခုံးကြီးအောက်မှာ
သင့်အမည်နာမဟာ
အမြဲစီးဆင်းနေရစ်မယ့် “ ဧရာဝတီ ”ဖြစ်ပါတယ်။
သင့်အမည်နာမဟာ
အမိမြေဆီလွှာကတောင်
သရဖူဆောင်းပေးထားရတဲ့
“ ရိုးမ ” လည်းဖြစ်ပါတယ်။
သင့်ရဲ့
ကြီးမြတ်တဲ့ဝိညာဉ်ဟာ
“ ဧရာဝတီ ” လိုအမြဲစီးဆင်းပြီး
“ ရိုးမ ” လိုအမြဲထာဝရရပ်တည်နေမှာပဲဖြစ်ပါတယ်။
“ ဂန္ဒီကြီး ”
“ အန်ကယ်ဟို ”
“ ဒေါက်တာရီဇော် ”
“ မော် ”
အာရှတိုက်ရဲ့ အကျော်အမော်များနည်းတူ
ကျွန်တော်တို့တိုင်းပြည်ရဲ့ အမှောင်တွင်းထဲက
“ အောင်ဆန်း ” ဆိုတဲ့ အလင်းရောင်ထွန်းလင်းခဲ့လို့
ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။
ငါ့တိုင်းပြည်ကိုပြန်ပေး
ငါ့သယံဇာတကိုပြန်ပေး
ငါ့လေထုကိုပြန်ပေး
ငါ့ကလေးတွေကိုပြန်ပေး
ငါ့အိမ်မက်တွေကိုပြန်ပေး
သူ့ရဲ့ကြွေးကြော်သံဟာ
ယူနီယံဂျက်အလံကို ဖောက်ထွင်း
နေဝင်းနီကိုအလံကို ဆွဲဖြဲပြီး
နွေဦးကွင်းပြင်ထဲ ထွက်လာရဲ့။
၁၉၊ ဇူလိုင်တဲ့
အားလုံးထိုင်ပြီး ငိုကြွေးခဲ့ရပြီ။
ဆောင်းမနက်ခင်းစောစောမှာ
ဝေဆာလန်းဆန်းနေသော စိန်ခြယ်ပန်းများဖြင့်
သင့်အမည်နာမအား
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လူသားဟုခေါ်ဆိုရန်ပင် မထိုက်တန်
သင့်ရဲ့ကောင်းမြတ်မှုပြည့်လျှံနေသော အမည်နာမအတွက်
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
အမိနိုင်ငံတော်ရဲ့
သံခြေချင်းကို ရိုက်ဖြုတ်ပေးခဲ့သော
သင့်အမည်နာမအား
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်ပါတယ်။
လင်းယုန်ငှက်တွေဝဲနေတဲ့
ဟောသည်ဆောင်းလမ်းမှာ
“ ဗိုလ်အောင်ဆန်း ” တဲ့
စိန်ခြယ်ပန်းများဖြင့်
ကျွန်ုပ်ရှိခိုးပူဇော်လိုက်ပါရဲ့။
မိုးဃ်းဇော်၊ ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် ( ၂၃ )၊မတ် ၂ဝဝ၉
ဆရာအောင်ဝေး၏ကဗျာကိုမှုရင်းအတိုင်းဖေါ်ပြလိုက်သည်။
HAIKU FOR BURMA
cry of the victims
beyond Nargis in anger
down with rude junta
အောင်ဝေး
(မြန်မာနိုင်ငံကဗျာဆရာ)
မိခင်တို့၏မျက်ရည်ကြောင့်
♦ မြင်သမျှ ကြားသမျှ
ဒုက္ခ၊ ဒုက္ခ
♦ အသွေးအသားထဲက စကား
ဘုရား ၊ဘုရား၊ ဘုရား
♦ (နာဂစ်ကြောင့်)
ဒို့မြေပေါ်မှာ
လူပေါင်း ၁ သိန်းကျော်
၂ သန်းနီးပါး
နောက်ဆက်တွဲ လုပေါင်းဒီ နှစ်ဆတဲ့
♦ အမေ
အမေကောရှိသေးရဲ့လား
ခေါင်းနပန်းကြီးသွား
ဒါဝဠ်ကြွေးလား
လုံးဝမဟုတ်ဘူး
မင်းကျင့်တရားပျက်တဲ့မင်းကြောင့်ပါ။
♦ ရဟန်း သံဃာကို
ဓါတ်တိုင်မှာ ကြိုးတုတ်ရိုက်ခဲ့တာ
မေတ္တာပို့သံကို
သေနတ်နဲ့ဖြိုခွင်းခဲ့တာ
♦ ကျောင်းကန် ဘုရားပေါ်မှာ
စစ်ဖိနတ်၊ စစ်ယူနီဖောင်းအပြည့်
သေနတ်ခါးချိတ်
အတိတ်ကအမှာတွေအတွက်
ပိတ်ဖြူလေးတွေပတ်ပြီး
တောင်းပန်နေတဲ့ စစ်အုပ်စုအတွက် နမိတ်ကြီး
♦ မိခင်တို့ရဲ့ ငိုကြွေးသံနဲ့
မျက်ရည်တွေကြောင့်
ဒီတခါ အမိမြေမှာ စစ်ဗိုလ်ချုပ် အလောင်းတွေသာ
တွေ့ရမယ်
သွေးသံရဲရဲ
သင့်ကောင်း(၉. ၉ . ၀၈)
ရွှေဝါရောင် (၁) နှစ်ပြည့်သို့
ရွှေဝါရောင်တော်လှန်ရေးအားဂုဏ်ဲပြုစောအားဖြင့်
ရွှေဝါရောင်စပါးတွေရင့်မှည့်နေပြီညီမလေး
ငါတို့ ကိုးကွယ်တဲ့ ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့  ဦးညွှတ်တဲ့တရားကို
လှံစွပ်နဲ့ ထိုးသူ
ငါတို့ ဝပ်တွားတဲ့ ဝတ္တကမြေကို
ကျည်ဆန်နဲ့ မီးလောင်တိုက်သွင်းသူ ။
လမ်းဘေး
တွေ့ ရာအုတ်ခဲနဲ့  ငါတို့ ပြန်ထုတယ်
ဒါ… အကြမ်းမှုတဲ့လား ။
ကြမ်းကြမ်းဖက်ထားကြ
ငါတို့ ရွက်တွေကို
ကြမ်းကြမ်းဖက်ထားကြ။
ကြမ်းကြမ်းဖက်ထားကြ
ငါတို့ တက်တွေကို
ကြမ်းကြမ်းဖက်ထားကြ ။
ရန်သူကိုရန်သူလို့ မခေါ်ရရင်
ငယ်ငယ်ဖတ်ဖူးတဲ့ ကာတွန်းထဲကလူရိုင်းတွေလို
ယူသန်…. ယူသန် လို့ ခေါ်မယ် ။
မစ္စတာဘန်ကီမွန်းရေ
အသက်ကယ်ဘောမပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီမဝတ်ဘဲ
ရေနစ်နေတဲ့ ခေတ်တခေတ်ဟာ ငါတို့ ဖြစ်တယ် ။
မြင်ကွင်းတွေဟာ ဟင်းလင်းဘဲ
ဆောင်းဦးပေါက်ကွင်းပြင်မှာတော့
ရွှေဝါရောင်စပါးတွေဝင်းမှည့်နေပြီညီမလေး ။
သစ်ကောင်းအိမ်
ဆရာမောင်ချောနွယ် ကွယ်လွန်ခြင်း(၆)နှစ်ပြည့်
ပြီးပါပြီ
မောင်ချောနွယ်
အရက်နဲ့ စီးကရက်ကို ကြိုက်တယ်
ညီမလေး မမမြင့်ကို ချစ်တယ်
အလင်းရောင်ကို မြတ်နိုးတယ်
ကဗျာနဲ့ သစ္စာထားတယ်
အဆုံးအရှုံးများအတွက် ၀မ်းမနည်းဘူး
မကြေကွဲဘူး
နောင်တမရဘူး
ခရီးကြမ်း ဘ၀ကြမ်းတွေကို ကြင်နာတယ်
လဲပြိုနေသူတွေကို စာနာတယ်
ဒဏ်ရာနဲ့ ရက်များကို လှိုက်လှဲစွာ တွေ့ဆုံတယ်
ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းတွေကို ရင်ခုန်တယ်
အမှားတွေနဲ့ သောက်စားမူးယစ်တယ်
ငါးမျှားချိတ်တွေက အစာကို ငါမဟပ်ဘူး
ငါ့ဘ၀ ငါးစာကိုသာ ငါဟပ်ခဲ့တယ်။ ။
မောင်ချောနွယ်
(မြားနတ်မောင်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၀၂ ခုနှစ်)
ပလုံ
ရေထဲကိုခဲကျသွားတာလည်းဖြစ်နိုင်တယ်။
ရေထဲကငါးခုန်တက်လာတာလည်းဖြစ်နိုင်တယ်။
တစ်နေ့မှာငါ့အထ္တုပ်ပတ္တိကိုငါဖွင့်ကြည့်လိုက်တယ်
ဘယ်လိုဖြစ်သွားသလဲမသိဘူး
ပလုံ။
တာရာမင်းဝေ
နိုင်ငံရေးအကျဉ်းသား